ငယ်ငယ်က တွေးမိပါတယ် .. နာရီကို ဘာလို့ နာရီလို့ ခေါ်ရလဲ .. သူ့မှာ နာရီ၊
မိနစ်၊ စက္ကန့်တွေရှိရက်နဲ့မှ ဘာကိစ္စ နာရီ လို့ ကွက်ခေါ်ရလဲပေါ့ ..
နည်းနည်းကြီးလာတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဖြေလိုက်ပါတယ် .. ခေါ်ချင်လို့
ခေါ်တယ်လို့ .. .. .. နော် ..

ဒါပေမယ့် ပြသနာက အဲ့မှာတင် မပြီးသွားပါဘူး ..
ချစ်သူခင်သူတွေအကြား နာရီလက်ဆောင်မပေးကောင်းဘူးလို့ ကလေးဆန်တဲ့သူတွေက ပြောတယ် ..
နာရီဆိုတာ ရင်နာနာနဲ့ ရီ(ရယ်)ပြနှုတ်ဆက်ရမယ့် ခွဲခွာခြင်းလက်ဆောင်
ဒါမှမဟုတ် နိမိတ်ပုံ တဲ့ ..

ကဗျာဆန်သူတွေကတော့ နာရီရဲ့အဓိပ္ပါယ်ကို ခုလိုဖွင့်တယ် ..
ဘယ်လိုနာကျင်စရာတွေကိုပဲ ကြုံရပါစေ .. အမြဲတမ်း
ရီ(ရယ်)မောဟားတိုက်နေမှာပေါ့ တဲ့ ..
အဲ .. အဲ့ definition လေးကတော့ မဆိုးဘူးပေါ့ .. ရယ်မနေနိုင်ခဲ့ရင်တောင်မှ
ငိုမဲ့ငိုမဲ့တော့ဖြစ်မနေချင်ဘူး ..

အဲ … လူကြီးဆန်သူတွေကတော့ နာရီဟာနာရီပဲ .. အချိန်မှန်နေဖို့ပဲလိုတယ် .. တဲ့ ..

(၂)

ခွက်တစ်လုံးရဲ့အသုံးကျမှုဟာ သူ့ရဲ့လွတ်နေတဲ့နေရာပေါ်မှာ တည်တယ်လို့ ဆိုရင် ..
နာရီတစ်လုံးရဲ့အသုံးကျမှုဟာလည်း အချိန်ကာလကို ပြသနိုင်စွမ်းရှိတာပဲဖြစ်မှာပါ ..

အချိန်ကိုသိချင်ရုံနဲ့တော့ နာရီတစ်လုံးကို လက်အလေးခံပြီး မပတ်ပါဘူး ..
အချိန်သိချင်ရင် သူများလက်က နာရီကို သွားကြည့်နေကြ …
ဒါမှမဟုတ် မွေးရာပါ ပါးစပ်ကို အားကိုးပြီးတော့ မေးနေကြပေါ့ ..
ဒီတော့ ကိုယ့်အတွက်တော့ နာရီဆိုတာဟာ ရှိနေရင်လည်း မထူးလှသလို မရှိလည်း
ဖြစ်နေတဲ့အရာပါပဲ ..

နောက်ပြီး မကြိုက်တာတစ်ခုက ရင်နာနာနဲ့ရီရတတ်တယ်ဆိုတာ ပေါ့ ..
ကိုယ်တော်တော် အမြင်ကပ်ခဲ့တဲ့ ဖွင့်ဆိုချက်ပါ ..
အဲ့ဒီလိုနဲ့ နာရီကို သိပ်ကြည့်မရခဲ့ပါဘူး ..

(၃)

ဒါပေမယ့် ..
တစ်ခေါက်တော့ နာရီနဲ့ပတ်သက်တဲ့ စကားလေးတစ်ခုကို ကြားခဲ့ရပါတယ် ..
သူငယ်ချင်းတစ်ယောက်ပြောခဲ့တာပါ .. သူက လက်ဆောင်ပေးရင်
နာရီပဲပေးလေ့ရှိတဲ့သူဆိုတော့ ချစ်ဖို့ကောင်းတဲ့ definition လေးတစ်ခုကို
ဖွင့်ပါတယ် ..

`နာစရာတွေဖြစ်လာခဲ့တောင် မင်း ဖြစ်နေတော့ ငါက ရယ်(ရီ)ပြီးပဲနေမှာပေါ့ ..´ တဲ့ ..

ဟားးးးးးးးးးး .. လို့ ကိုယ် ထအော်လိုက်တယ် .. သူလည်း သူ့ဟာသူ
သဘောကျသွားပုံရပါတယ် .. ကိုယ်လည်း အဲ့အချိန်ကစပြီး နာရီကို ကြည့်ချင်စိတ်
ရှိလာတော့တယ် ..

နာရီမြင်တာနဲ့ အဲ့ဒီ့စကားကိုပဲ သွားသွားပြီး ကြားယောင်မိပါတယ် ..
လူကအလိုလိုနေရင်း နာရီတွေကို ချစ်လာတယ် ..
နာရီတွေမြင်ရင် ဂရုတစိုက်နဲ့ ကြည့်ဖြစ်လာတယ် .. နောက်တော့ နာရီပတ်လေ့ပတ်ထ
ရှိလာခဲ့ပါတယ် ..
ခုတော့ နာရီပတ်ဖို့ ၀န်မလေးတော့ဘူး .. ပေါ့ ..

(၄)

wallsheet တွေ calendar တွေမှာ နာရီအချိန်ဟာ အမြဲ
၁၀နာရီ၁၀မိနစ်ဖြစ်နေတာကို သတိထားမိလာတယ် ..
ဟုတ်တယ် .. ကိုယ်တော်တော် အံ့သြသွားတယ် .. ဘာလို့လဲပေါ့ ..

သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ် ..
၁၀ နာရီ ၁၀မိနစ်ဆိုတာ နာရီလေး ရယ်နေတဲ့အချိန်တဲ့ .. သူ ရယ်နေတာ
ပါးစပ်လေးက ဟ လို့ .. `ပ´ ပုံလေး ပေါ့ ..
အယ်! .. ဟုတ်သားပေါ့နော် ..

ဒါဆို ၉ နာရီ ၁၅ကျတော့ နာရီလေး တည်နေတဲ့အချိန် .. ၈ နာရီ ၂၀လောက်ဆိုရင်
မဲ့နေတဲ့အချိန် .. ဂ ငယ် ဖြစ်သွားပြန်ရောပေါ့လို့ ဆက်ပြောကြပြန်ပါတယ် ..
အဲ .. နေအုံးဟ .. ဒီလိုဆို ၆နာရီကျတော့ ဘယ်လိုပြောရပါ့ ဆိုပြီး
သူငယ်ချင်းကမေးခွန်းထုတ်တယ် ..
ကိုယ်ကလည်း မရရအောင် ဆွဲပြီးပြောတယ် .. ၆နာရီကတော့ အင်းး ..
မောင်တစ်ရွာမယ်တစ်မြို့ပေါ့ဟာ .. နာရီနဲ့မိနစ်
ခပ်တန်းတန်းဖြစ်နေကြတာပေါ့လို့ ဖြေလိုက်တယ် ..
ရုတ်တရတ် သူငယ်ချင်းက ထအော်လိုက်တယ် .. ဒီလိုဆိုရင် ၁၂နာရီကတော့
သျှောင်နောက်ဆံထုံးပါတဲ့အချိန်လို့ ထားလိုက်မယ် ဟာ .. နော် .. တဲ့ ..

အဲ့လိုနဲ့ နာရီကြည့်ရင် အချိန်တင်မကပါဘူး .. ကိုယ်တို့ရဲ့ comment
တွေကိုပါ တွဲတွဲပြီး မြင်နေတော့တာပဲ ..

ဟ .. နာရီဟာ နာရီပဲဟ .. အချိန်မှန်ရင်ပြီးရောပေါ့ လို့ပြောတဲ့သူတွေနဲ့
ညှိလို့မရအောင် ဖြစ်လာတယ် ..
ဒီလိုနဲ့ နာရီကို အချိန်သိချင်ရုံသက်သက်ထက် ပိုပြီး စိတ်ဝင်စားခဲ့ပါတယ် ..

(၅)

သြော် .. ခုဆိုတော့ ကိုယ်က နာရီ ပတ်ဖြစ်နေတယ် .. ပေါ့ ..

ခုအချိန်မှာတော့ နာရီဆိုတာ အချိန်သိချင်လို့ဆောင်ထားဖြစ်တဲ့အရာတစ်ခုမဟုတ်ဘူး ..
ဆောင်ချင်လို့ကို ဆောင်ထားတဲ့ အဆောင်တစ်ခု ဖြစ်လာတယ် …
နာရီနဲ့ပတ်သက်တဲ့သဘောထား ပြောင်းသွားခဲ့တာပေါ့ ..

အဲ .. ဒါပေမယ့် မပြောင်းလဲတာတော့ ရှိသေးတယ် ..
ဒါက .. ..

ကိုယ်လည်း အချိန်မှန်ချင်တာတောင်မှ ကိုယ့်ရိုးရာဖြစ်နေတော့
ဆက်ထိန်းသိမ်းထားလိုက်တယ် .. ..

ဒါကတော့ ကိုယ် ခုထိ နောက်ကျနေတတ်တာပဲ …း) …

ကဆုန်

http://www.friendyay.multiply.com


Bookmark and Share