ခါးတယ်

မေတ္တာဆိုတာက
အသွားအလာရှိတယ် မပြောနဲ့
ဒဿ ကြားရင် ခါးမယ် ..

မင်းပြောတော့ ဆည်းဆာချိန်တဲ့
ငါ့မှာ မိုးစုန်းစုန်းချုပ်ခဲ့တာ
မင်းအရိပ်တွေနဲ့ ..

အချစ်က အချစ်ကို သတ်တယ် ..
အချစ်မျောလို့ အချစ်နဲ့လိုက်တာ
ငါ့မှာ အချစ်တွေပုံနေတာပဲ အဖတ်တင်တယ် ..

နှလုံးသားမပါဘဲ မလုပ်ဘူး မင်း ပြောတယ် ..
ငါကတော့ လုပ်သမျှအရာတိုင်း
နှလုံးသား ထည့်ထားတယ် ..

ရပါတယ် .. ..
နန်းတော်ချင်းတူရင်တောင်မှ မဖန်ဆင်းပေးပါနဲ့
ငါ့ဟာငါပဲ တည်ဆောက်ယူပါမယ် ..

ခိုင်ခံ့ပြီးသားပဲ သူရဲကောင်းလည်းမလိုပါဘူး
ဆင်ခြင်တတ်တာပဲ ပညာရှိလည်းမလိုပါဘူး
ငါနဲ့အတူ ငါလိုသူပဲ လိုပါတယ် ..

မပြောပါနဲ့ ..
အစစ်အမှန်တွေပေးရင်
အစစ်အမှန်တွေပြန်ရမယ်လို့
ငါ ကြားရတာ ခါးတယ် ..

k*hsone
(source: မိုရေနာရဲ့ custom message )
Read more…

ကိုယ့်သူငယ်ချင်း

(၁)
အင်း. ….
ခုတလော အလုပ်ကတစ်ဖက် ကျောင်းကတစ်ဖက် အချိန်တွေကရှားပြီး
သူငယ်ချင်းတွေနဲ့ လည်းအဆက်အသွယ်ပြတ်တာကြာပေါ့.
သူငယ်ချင်းတွေနဲ့အဆက်အသွယ်ပြတ်တာမပြောနဲ့ ကိုယ့် site ကိုယ်တောင်
ပြန်မ၀င်ကြည့်ဖြစ်တာဘယ်လောက်ကြာသွားမှန်းမသိပါဘူး…..
ဒီကြားထဲ Assignment တွေကလည်းတစ်ခုပြီးတစ်ခု အချိန်မှီပြီးအောင် မနည်း..
အိပ်ချိန်ဆိုတာလည်း ညနက် သန်ခေါင်ကျော်တစ်ချက်ခွဲ

အွန်လိုင်းလား ? မမေးနဲ့ … အရင်လိုအိပ်ချိန်ကလွဲပြီး ကျန်တဲ့အချိန်
အချိန်ပြည့်ရှိတယ်ဆိုတာလည်းမ၇ှိတော့တာကြာ..
Facebook လား ? တော်လိုက်တော့ ..
( ရုံးချိန်ဘဲ ဖွင့်နိုင်တယ် … အလုပ်လုပ်ရင်းအပြေးအလွှား 😛 ) ကျန်တဲ့အချိန်ဆိုဝေး….

(၂)
ဒါလောက် ဖြစ်နေတာတောင် ချစ်လှစွာသောသူငယ်ချင်းကို အပြေးအလွှားသတိတွေကရလိုက်သေးတယ်..
ဟဲ..ဟဲ…. ဒါလည်းကောင်းသောသတိရခြင်းတော့ မဟုတ်ပါဘူး. .
ဘယ်တော့ဘဲဖြစ်ဖြစ် ညစ်လာပြီဆိုရင် သူနဲ့နည်းနည်းပေါက်ကရတွေပြော အတိုက်အခံလေးလုပ်
ဂလိုဆို စိတ်ကလည်းပြန်ကြည်လာပြီး လန်းလန်းဆန်းဆန်းပြန်ဖြစ်လာပါရောလား …

သူကတော့ ဒီမှာအားလုံးသိပြီးသားဖြစ်တဲ့ ” ကဆုန် ” ……..

(၃)
ခုတလောကိုယ်ကလည်းအွန်လိုင်းမှာသိပ်မရှိ သူကလည်း မလာနဲ့ မတွေ့ဖြစ်ကြတော့ ..
ကဲ ..ကြာပါတယ်ကွာ …….
” ဟေ့ကောင်.. .ရောက်ရာသင်္ချိုင်းက အမြန်ဆက်သွယ်ပါ.. အရေးကြီးဒယ်” ဆိုပြီး
လိုတိုရှင်း ယဉ်ယဉ်ကျေးကျေးဘဲ Message ပို့လိုက်တယ်. ……

အဲ့…..

ထူးဆန်းတယ် ..ဒီတစ်ခါ သူ့ဆီကနေ တော်တော်နဲ့မှအဆက်အသွယ် ပြန်ရမလာဘူး …..
ဒါ….သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူးဆိုတာအလိုလိုကိုသိလိုက်တယ်လေ..
Morena ကွာ ဒီလိုလုပ်လို့ဘယ်ရမလဲ သိပ်မကြာလိုက်ပါဘူး . G ပုန်းလုပ်နေတဲ့ ဒင်းကိုမိပါရောလား.. .

(၄)
တွေ့တွေ့ချင်းဘဲ စိတ်တိုတိုနဲ့
“ဟေ့ကောင် သေပြီလား? ငါ့ Message မရဘူးလားလို့ ” ဘုတောလိုက်တာပေါ့….
ကဆုန်တို့ ပြန်ပြောလိုက်ပုံက …
” ဟေ့ကောင်ရေ ..မင်းပြောတဲ့နေရာကိုမရောက်သေးလို့ မဆက်သွယ်သေးတာကွ” တဲ့ …
” မင်းရောက်နှင့်ရင်လည်း စောင့်နှင့်ရောပေါ့ကွာ” တဲ့ …….

သေရော….သေရော…..
————————————————————————————–
အဲ့ဒါပါဘဲ ကိုယ့်သူငယ်ချင်း ” ကဆုန် ” ဆိုတာ..
အဲ့ဒါတွေပါဘဲ ကိုယ် ညစ်လာရင်သူနဲ့ စကားပြောချင်တယ်ဆိုတာ…

မှားတဲ့နေ့

(၁)

“ ဒီပုတ်ထဲက ဒီပဲချည်းပဲ .. ” ..
“ အင်း .. အညှီရှိရာ ယင်အုံလာတဲ့သဘောပေါ့ ” ..
“ ဘာ ” ..
“ အင်းလေ .. ဒီ့ပြင်ပဲကို လိုချင်ရင်တော့ ဒီ့ပြင်ပုတ်ထဲမှာ သွားရှာရမှာပေါ့ .. တကယ်က ရှာတဲ့သူနဲ့ပဲ ဆိုင်တာ ” ..

(၂)

“ ငါ့ကိုက ကျားရှေ့မှောက်ရက် လဲမိသလိုပါကွာ ” ..
“ ဟုတ်ဘူးဟ .. ဟိုတစ်ယောက်ကသာ ကားရှေ့မှောက်ရက် လှဲလိုက်တာ ” ..
“ ဘာ ”
“ ဟုတ်တယ်လေ .. ဘယ်သူပဲမှားမှား .. ကားရှေ့လဲတဲ့သူပဲ လျော်ကြေးရတာ .. ”

(၃)

တော်တော်ကြာကြာအထိ စကားတစ်ခွန်းမှ မပြောဖြစ်ဘူး .. ဒီတော့ ကိုယ်က စ တယ် ..
“ နင် မကြားဖူးဘူးလား .. အသွင်မတူ အိမ်သူမဖြစ်တဲ့ .. ခု ကြည့် .. နင်တို့က ဟပ်ထိုးနဲ့တစ်ချောင်းငင် ပဲ ” ..
“ ဘာကြီး ”
“ ဟပ်ထိုးနဲ့ တစ်ချောင်းငင်လေ .. နင်က အရှေ့ဆို သူက အနောက် .. နင်က ဒါဆို သူက ဟိုဟာ ” ..
“ အေးကွာ ”
“ ဟပ်ထိုးနဲ့တစ်ချောင်းငင်ပေါင်းပြီး ကောင်းတဲ့စကား တစ်လုံးလောက် စဉ်းစားကြည့်ပါလား ”

(၄)

သူ ခဏငြိမ်သွားတယ် .. စဉ်းစားနေပုံရပါတယ် .. သူ အဖြေမရသေးခင်မှာပဲ ..
“ သိပ်လည်း မစဉ်းစားပါနဲ့ကွာ .. ခုက နင့်စိတ်က အဆိုးဘက်ရောက်နေတော့ အဆိုးတွေထွက်လာမှာပေါ့ .. ဥပမာ .. အမှုတို့ .. အရှုပ်ထုပ်တို့ .. အငြှိုးတကြီးတို့ ပေါ့ .. ”
ကိုယ့်စကားဆုံးတော့ သူ ရယ်တယ် ..

“ အေးဟာ .. အမှိုက်တွေချည်းပဲ .. တစ်ခုမှကို ကောင်းတာမရှိဘူး ”
“ မရှိတာတော့ မဟုတ်ဘူး သူငယ်ချင်းရဲ့ .. ရှာတွေ့ လွယ်လောက်တဲ့ အကြောင်းတွေ မရှိသေးတာ .. ငါလည်း ခုထိ အရှာခက်နေတုန်းပဲ .. အဲ့ကြောင့် မဖြေနိုင်တာပေါ့ ” ..

(၅)

နေပါစေ ..
အက်ရာအထပ်ထပ်နဲ့မို့
ဟက်တက်ကွဲလည်း ကွဲစေတော့ ..

တကယ်တော့
ခဂ္ဂါဆိုတာ
သုံးတတ်တော့ ဓါး .. မသုံးတတ်တော့ မှား ပေါ့ ..

ညှိနေဆဲ
ခပ်နက်နက်ဒဏ်ရာက
ဓါးထက်ထက်မှာ မျက်ခနဲ ရှခဲ့တယ် .. ..

ဒီတော့
ငါ နဲ့ ဓါး ..
ငါပဲ မှားတာပေါ့ ..

ရတယ် .. ရတယ်
အဘယ့်ကြောင့်ဆိုသော်တွေနဲ့
ကျိုးကြောင်းဆီလျော်ပြမနေနဲ့ ..

အမြင်မတော်ပေမယ့်
ဘယ်လိုပြင် ပြောရမယ်မသိတော့လို့
(ခုတော့ ငါ)
မျက်နှာမူရာ ကျောပေးလိုက်တယ် ..

ဘာပဲပြောပြော နင် အမြဲမှန်တယ် .. .. .. ။

k*hsone

နတ်စိမ်း

နတ်စိမ်း

(၁)
“ဘာ .. ဘယ်လို” မသေချာသလိုပုံစံနဲ့ သူက ထပ်မေးတယ် ..
“တကယ် .. အဲ့ကောင် နတ်စိမ်း ဖြစ်နေတယ်” …
ကိုယ့်စကားအဆုံးမှာ သူက သက်ပြင်းချတယ် .. “မတွေ့တာတော့ ကြာပြီကွ .. ပြောပါအုံး .. ဘယ်လိုဖြစ်တာတုန်း”
ကိုယ်နဲ့ဒုတိယလူတို့ စကားပြောဖြစ်တယ် .. အကြောင်းအရာကတော့ နတ်စိမ်းဖြစ်သွားတဲ့ တတိယလူအကြောင်းပေါ့ ..

အင်းးး .. လို့ အစပျိုးရင်း ….

(၂)
မဟုတ်ကဟုတ်က ပြောဖို့အတွက် မဟုတ်တရုတ်နိဒါန်းပျိုးလိုက်တယ် .. ဗရုတ်သုက္ခချင်းဆိုတော့ အဆင်ပြေပါတယ် ..

သူ နတ်စိမ်းဖြစ်ရတဲ့အကြောင်းက အယူတိမ်းသွားလို့ကွ .. အယူတိမ်းလို့ နတ်စိမ်းဖြစ်ရတာ ..
၁၀နှစ်မကတွဲလာတဲ့သူငယ်ချင်းတွေ ထက် ၁၀ပုံ၁ပုံကာလတာတွဲလာတဲ့ရည်းစားဘက် တိမ်းသွားတယ်လေ …
ခုတော့ ဖုန်းလည်းမဆက် .. chat လည်းမ၀င် .. မေးလ်လည်းမပို့ .. လူလည်းမလာနဲ့ နတ်စိမ်းဖြစ်နေပရောလား ..

(၃)
အေးလကွာ .. သူပဲ .. ငါတို့ကျောင်းပြေး လိုက်ပြေးတာ .. လွယ်အိတ်ကျ စာသင်ခန်းထဲ ထားခဲ့တယ်လေ ..
ပြီးတော့ လူလည်ခေါင်မှာ ဆူးလေဘုရားကြီးကို ကြည့်ပြီး ရွှေတိဂုံဘုရားကြီး လို့ ပြောတာလည်း သူပဲ ..
လှော်ကားဥယျာဉ်ဆိုတဲ့ဆိုင်းဘုတ်ထောင်ထားတဲ့မြေကွက်လေးကိုကြည့်ပြီး လှော်ကားဥယျာဉ်က သေးသေးလေးပါလားလို့ ပြောတာလည်း သူပဲ ..

(၄)
အေးလေ .. အေးလေ .. ငါက မထသ ဆိုတာ မြို့ထဲသို့ ကို အတိုကောက်ရေးထားတာလို့ ပြောတော့လည်း ယုံတာပဲ ..
NGO မှာ အလုပ်လျှောက်တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ရှိသေးလားလို့ မေးတော့ ရှိသေးတာပေါ့လို့ ခန့်ခန့်ကြီးဖြေခဲ့တာလည်း သူပဲ ..

(၅)
ထမီဇောက်ထိုးဝတ်ပြီး အထက်ဆင့် ပျောက်တာလည်း သူပဲမလား ..

(၆)
ဟုတ်ပ .. ဆံပင်ရိတ်တဲ့ဓါးနဲ့ ခေါင်းဖီးဖို့လုပ်တာလည်း သူပဲလေ ..

(၇)
သနားတော့ သနားပါတယ်ကွာ .. သန့်ဇင် ကို ပြောတာပါ ..

(၈)
မိုရေနာက ပြောတယ် .. သူ့blogအတွက် စာရေးအုံးတဲ့ ..

လတ်တလော ရေးစရာမရှိဘူးကွ .. စာအုပ်အညွှန်းတောင် ရေးရမှာ ပျင်းနေတာ .. ဒါနဲ့ သူများရေးတာပဲ ဖတ်နေတာ ..
ကိစ္စတော့မရှိဘူး .. သူငယ်ချင်းတွေ ဒီလောက်များတာ .. မဲနှိုက်ရွေးလိုက်မယ် .. ကျတဲ့ကောင်တော့ သေပြီပဲ ..

(၉)
………………………. သိတယ်မလား .. ဒီလောက် လွဲတတ်တာ … ဒီတစ်ယောက်ပဲရှိတယ် …

k*hsone

ဖတ်သောစာ

အပြင်စာအုပ်တွေ ဖတ်ကာစမှာ တွေ့သမျှ အသုံးအနှုန်းတိုင်းက အသစ်အဆန်းပါပဲ ..
သိတာတွေနားလည်တာတွေရှိသလို မသိတာနားမလည်တာတွေလည်း ရှိနေခဲ့ပါတယ် .. ငယ်ငယ်ကတော့ နားလည်လည် မလည်လည် တွေ့တဲ့စာအုပ် ယူဖတ်လိုက်တာပါပဲ ..

(၁)
အဖေတူအမေကွဲ .. အမေတူအဖေကွဲ ဆိုတဲ့အသုံးမျိုးကို ဖတ်ခဲ့ဖူးပါတယ် .. အဲ့တုန်းက မူလတန်းပေါ့ ..
ဘယ်လိုနားလည်မိသလဲဆိုတော့ အဖေနဲ့ရုပ်ချင်းတူတဲ့ သားသမီးက အဖေတူ အမေကွဲဖြစ်ပြီး အမေနဲ့တူရင်က အမေတူ အဖေကွဲ ပဲလို့ သဘောပေါက်မိတယ် ..
ဘာ ပြောကောင်းမလဲ .. ငါက အဖေတူအမေကွဲသမီးကိုး .. ဆိုပြီး အမေ ရင်ခံအောင်လုပ်ခဲ့ဖူးတာပေါ့ ..

(၂)
ငယ်ငယ်က ကြောင်တွေကို အပေါ်ကနေ ပစ်ပစ်ချပါတယ် .. ကြောင်ကျ ကျတာကို ကြည့်ပြီး သဘောကျတာပေါ့ .. တစ်ရက်တော့ အမေက သမီး မလုပ်ရဘူးလေ .. ကြောင်မကြီးက ဇီးနဲ့ လို့ ပြောလာပါတယ် ..
ဒီလိုနဲ့ အဖေ ကျောင်းလာကြိုတဲ့ ရှားရှားပါးပါး တစ်ရက်မှာ .. “သမီးတို့ ဆရာမက ဇီးကြီးနဲ့လေ ဖေ” လို့ အားပါးတရ မိတ်ဆက်ပေးမိတယ် .. ခုတော့ ပြုံးတမဲ့မဲ့ဆိုတဲ့စာသားကိုမြင်ရင် အဲဒီ့အချိန်က ဆရာမ မျက်နှာကို ချက်ချင်း သတိရလိုက်တယ် ..
ကိုယ်ဝန်ဆောင်တယ်တို့ ပဋိသန္ဓေယူတယ်ဆိုတာမျိုးတို့ကို ဖတ်ဖူးထားတဲ့ကိုယ့်အတွက် ဇီး ဆိုတဲ့စကားက အသစ်အဆန်းပါပဲ ..

(၃)
ကိုယ်က ချဉ်ပေါင်အစိုကြော်ကို ကြိုက်ပါတယ် .. ဒါပေမယ့် ချဉ်ပေါင်အစိုကြော်လို့ မပြောတတ်ဘူး .. ပြောလေ့ရှိတာက “မေ .. ချဉ်ပေါင်ရွက်ကို ပတ်ချွဲနှပ်ချွဲကြော်ထားတာ စားချင်တယ်” ပေါ့ ..

တွေ့တဲ့စာအုပ် ယူဖတ်လိုက်တာပဲဆိုတော့ အသုံးအနှုန်းတော်တော်များများကို သိပေမယ့် နေရာတကျတော့ မသုံးတတ်ခဲ့ပါဘူး ..
ဘယ်နေရာမှာ ဘယ်လိုသုံးရမယ်မသိတာ .. စကားလုံးရဲ့အဓိပ္ပါယ်ကို သေချာနားမလည်တာက ဖတ်သင့်တဲ့အရွယ်မှာ ဖတ်ရမယ့်စာအုပ်ကို မရွေးချယ်တတ်ခဲ့မိလို့ ဖြစ်ပါမယ် ..
စာမရွေးဘဲဖတ်တာက တွေးခေါ်ဥာဏ်ရင့်သန်စေဖို့ကို မထောက်ကူ နိုင်ပါဘူး .. အဲ .. တင်္ခနုပ္ပတ္တိဥာဏ်ရှင်သန်ဖို့ကိုတော့ ထောက်ကူပံ့ပိုးနိုင်ပါတယ် ..

(၄)
သူငယ်ချင်းနဲ့တူတူလမ်းလျှောက်လာရင်း ဖြတ်သွားတဲ့ကားနံပါတ်တွေကိုပေါင်းပြီး အလောင်းအစားလုပ်လာကြပါတယ် ..
ဘတ်စ်ကားတစ်စီးဖြတ်သွားတဲ့အခါမှာတော့ သူက ရုတ်တရတ် မေးပါတယ် .. “မ.ထ.သ ဆိုတာ ဘာအဓိပ္ပါယ်လဲ” .. တဲ့
စာမရွေးဘဲ ဖတ်တတ်တဲ့ကိုယ်က စာရွေးပြီးဖတ်တတ်တဲ့သူ့ကို အေးအေးဆေးဆေး ချောက်ချဖြေနိုင်ခဲ့ပါတယ် ..
“မ.ထ.သ ဆိုတာ မြို့ထဲသို့ ကို အတိုကောက်ရေးထားတာလေ .. မင်း ဘယ်ဒေသကိုရောက်ရောက် မ.ထ.သ လို့ ရေးထားတဲ့ ကားပေါ်သာတက် .. အဲ့ဒေသရဲ့ မြို့ထဲကို တန်းရောက်တာပဲ” .. လို့

(၅)
အရင်က ကိုယ်တို့ စားနေကျ အကြော်ဆိုင် ရှိပါတယ် .. FAO နဲ့ ဆည်မြောင်းဌာနရဲ့ စိုက်ခင်းကြီးကို နောက်ခံထားပြီး ကြော်တဲ့ဆိုင်ပေါ့ ..
အခင်းထဲကအပင်တွေချိုးပြီး လတ်လတ်ဆတ်ဆတ် တို့စားရလို့ ခဏ ခဏ စားဖြစ်ခဲ့ပါတယ် .. ဆိုင်နဲ့မျက်စောင်းထိုးလောက်မှာတော့ စတူဒီယို တစ်ခုရှိပါတယ် .. နာမည်က PTL ပါ ..
အကြော်စားနေရင်း သူငယ်ချင်းက မေးတယ် .. “PTL ရဲ့ အဓိပ္ပါယ်က ဘာလဲ” တဲ့ ..
ကိုယ်လည်း အကြော်စားရင်း ပြန်ဖြေပါတယ် .. “PTL ဆိုတာ ပိုးတုံးလုံးကို အတိုကောက်ရေးထားတာပေါ့ .. ကြည့်လေ .. စတူဒီယိုက ထွက်လာသမျှအားလုံး လုံးလုံးလေးတွေချည်းပဲ” လို့ ..
သူငယ်ချင်းက ရယ်ပါတယ် .. မဟုတ်မှန်းသိပေမယ့် ဘာမှန်းလည်းသေချာမသိတာမို့ ရယ်လိုက်တယ် ထင်ပါတယ် ..
နောက်တစ်ယောက်က ၀င်နှောက်ပါတယ် .. “တော်သေးတာပေါ့ကွာ .. လုံးလုံး လုံးလုံး မို့လို့ .. တုံးလုံး တုံးလုံးသာဆိုရင် သေရော” .. တဲ့

တကယ်ဆိုတော့ ကိုယ်လည်း ဘယ်သိပါ့မလဲ .. ကိုယ် ထောင်ထားတဲ့ စတူဒီယိုလည်း မဟုတ်တော့လေ .. (I.C က ချစ်စမ်းမောင်ရဲ့ စတူဒီယိုလို့ ထင်ပါတယ် ..)
ဒီနေရာမှာ စာမှန်သမျှ ဖတ်ခဲ့တဲ့ကျေးဇူးကတော့ မေးခွန်းတိုင်းအတွက် ကိုယ့်မှာ အဖြေရှိနေတာပါပဲ .. ဟုတ်တာရော မဟုတ်တာရောပေါ့ ..
တကယ်လို့များ စာအုပ်တွေကို သေချာစနစ်တကျသာရွေးချယ်ဖတ်ဖြစ်ခဲ့ရင် အသိအမြင်တွေကလည်း ပိုပြီးစနစ်တကျ ဖြစ်နေမှာပဲ ဆိုတာ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ် ..
ဖတ်နိုင်တဲ့အရွယ်မှာ ဖတ်သင့်တဲ့စာအုပ်ကိုတော့ ရွေးပေးဖို့ ဒါမှမဟုတ် ရွေးတတ်ဖို့ လိုပါမယ် ..

သူငယ်ချင်းက မေးတယ် .. စာအုပ်တစ်အုပ်ကို ဖတ်သင့် မဖတ်သင့် ဘယ်လိုသိမလဲ တဲ့ ..

(၆)
ခုချိန်မှာတော့ “အမှာစာ” ကို ဖတ်ပြီး ပြင်ဆင်နိုင်တာပေါ့လို့ ဖြေဖြစ်ပါတယ် ..

စာအုပ်တိုင်းကို ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး .. ဘယ်သူ ဘယ်လောက်ညွှန်းညွှန်း ကိုယ်က ကြိုက်ချင်မှ ကြိုက်မှာကိုး ..

ဒီတော့ အမှာစာ ကို အရင်ဖတ်ပြီးမှ ဖတ်သင့်လား ဖတ်ချင်လားဆိုတာကို ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ ..

ကဆုန် …

Another Link
http://friendyay.multiply.com

Bookmark and Share

ထိုသို့ဖြင့်

Simple Beaty

မိုးရွာနေပြီ ..
အများနည်းတူ ရေခံဖို့ကြိုးစားပါသည် ..
သို့သော် .. မိုးခါးရေများ ဖြစ်နေခဲ့ပါသည် ..

ကျမ်းတစ်အုပ်လို ပြုစုနေထိုင်ခဲ့ပါသည် ..
ခေါင်းစဉ်ကိုကြည့်၍ ဖယ်ကြဉ်သွားခဲ့ကြသည် ..
“ကိုယ့်သမိုင်း ကိုယ်ရေးမည်”

လူကြီးသူမ စကားကို လျစ်လျူရှုခဲ့မိသည် ..
သူငယ်ချင်းကို ပိုက်ဆံချေးခဲ့ပါသည် ..
တစ်ချိန်တည်းမှာ နှစ်ခုစလုံးကို စွန့်လွှတ်လိုက်ရသည် ..

မှားသွားခဲ့ပါသည် ..
ကိစ္စမရှိပါ ..
ကိုယ်လုပ်၍ကိုယ်ခံရသည်ဆိုတော့ ရပါသည် ..

လူနဲ့တိရစ္ဆာန်ကြား ဥာဏ်သာခြားသည် ..
နှလုံးရည်မတူသူချင်း ဖက်လှဲတကင်းလုပ်ခဲ့ရပါသည် ..
တိရစ္ဆာန်များကို ပိုချစ်တတ်လာသည် ..

ဝါးလုံးခေါင်းထဲရောက်သွားပါသည် ..
သာမြဲသာနေနိုင်ဖို့ကြိုးစားမိသည် ..
ဝါးလုံးခေါင်းထဲ လ သာနေသည်ဟု ပြစ်တင်ခံရပါသည် ..

အမုန်းသည် နာကျင်ရပါသည် ..
ရင်နှင့်ရင်းမိသောအခါ ခံစားရပါသည် ..
နာကျင်မှုဆိုတာ အမုန်းမှာသာရှိတာမဟုတ်မှန်း သိလာပါသည် ..

ထိုသို့ဖြင့် .. ..
အိပ်မက်တွေက ရှိပါသည် ..
နီးစပ်ဖို့တော့ ဝေးပါသည် ..
သို့သော် .. .. သူ့ကို ချစ်ပါသည် …. ။

k*hsone

Bookmark and Share

Happy Birthday

Cheers Morena!

မိုရေနာ ..

မွေးနေ့အမှတ်တရ ရေးပေးရမယ်ဆိုတော့ကာ ..
ခေ လေ .. မင်း သုပ်ကျွေးတဲ့ ပဲကြမ်းကြော်အကြောင်းရေးပြီ …

ကိုယ်တို့သူငယ်ချင်းတွေက စကားပြောရင် ယောင်္ကျားလေးဆန်ပါတယ် .. အမူအရာကော စိတ်ဓါတ်ကောကလည်း ထိုနည်းလည်းကောင်းပဲ ..
စကားပြောရင်လည်း .. ဟေ့ကောင် .. မင်း .. ငါ ..
တစ်ယောက်နဲ့တစ်ယောက်ဆဲရင်လည်း  .. ငါလခွီးထဲမှ .. တဲ့ ..

အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတာတော့ သေချာပါတယ် .. မသေချာတာက မိုရေနာ ဘုရားကျောင်းတက်လား မတက်လားဆိုတာပဲ ..
လူကြီးတွေခရီးသွားတော့ သူ အိမ်စောင့်ကျန်ခဲ့တာကိုးးးး … သူ့ကိုများ စိတ်ချလက်ချနော် ..
မကြာပါဘူး .. သူ ဖုန်းဆက်ခေါ်တယ် .. ဟေ့ကောင် လာခဲ့ကွာ .. ငါတစ်ယောက်တည်းကွ တဲ့ …
ကိုယ်ကလည်း နှစ်ခါမပြောရဘူး .. စက်ဘီးယူပြီး ထွက်လာခဲ့တယ် ..

ဒီလိုနဲ့ သူ့အိမ်ရောက်သွားပါတယ် ..
ကိုယ်တို့နှစ်ယောက် ကော်ဖီသောက်နေတုန်း မကြာပါဘူး .. သူ့ brother တစ်ယောက်က စိတ်မချလို့ဆိုပြီး ဖုန်းလှမ်းဆက်တယ် .. အဆင်ပြေကြလားပေါ့ ..
brother က ဆက်မေးပါတယ် .. နင်တို့ ဘီယာသောက်မလား တဲ့ .. မကြာပါဘူး .. ရောက်လာတယ် ..
မိန်းကလေးတန်မဲ့ ဘီယာသောက်တယ်လို့တော့ အပြစ်မြင် မစောစေလိုဘူးနော် ..
ကိုယ်တို့ကို အစ်ကိုတွေကိုယ်တိုင်က သောက်ဖူးတယ်ရှိအောင်ဆိုပြီး ၀ယ်တိုက်ခဲ့တာပါ .. (ထို့ကြောင့် သောက်ဖူးပါသည် ..း) .. )

အကင်တွေကိုကြည့်ပြီး ဟာ .. ငါက သက်သတ်လွတ်ကွ .. လို့ ထအော်တော့ သူတို့နှစ်ယောက် ကိုယ့်ကို အားနာသွားပုံရတယ် .. အဲ့ဒီနေ့က တနင်္ဂနွေလေ ..
ကိုယ်က ဆက်ပြောပါတယ် ..ကိစ္စမရှိပါဘူးကွာ .. ငါက စားချင်လို့စားတာ .. ဖျက်ချင်လည်း ဖျက်လိုက်လို့ရတယ် .. ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး ..ဆိုတော့ နှစ်ယောက်သား .. ငါလခွီး တဲ့ ..
မိုရေနာ က ပြောတယ် .. ဒါဆို ငါ မင်းကို ပဲကြမ်းကြော် သုပ်ကျွေးမယ်ကွာ တဲ့ .. စားရချည်သေးရဲ့ပေါ့ နော် ..
ကြက်သွန်နဲ့ .. ပဲကြမ်းကြော်နဲ့ .. ဆီနဲ့ဆားနဲ့ နယ်ပြီးသကာလ စားချင်ဖွယ် ခင်ဗျ ..

ဒါပေမယ့် .. သူငယ်ချင်းအရင်းကြီးတွေဆိုတော့ ဇိုးခနဲဇတ်ခနဲ နှိုက်မစားရဲဘူး .. အခြေအနေစောင့်ကြည့်ရသေးတယ် .. ဟဲဟဲ
ကံဆိုးသူ မောင်ရှင် (သူ့အစ်ကို)က ငါမြည်းကြည့်မယ် ဆိုပြီး တစ်ဇွန်းနှိုက်စားတယ် .. ၀ါးရင်း ၀ါးရင်းနဲ့ မျက်နှာကို သေချာကြည့်ပြီး တစ်မျိုးကြီးပဲလို့ ပြောတယ် ..
ပြောလို့မှ မပြီးသေးဘူး .. ထ အန် တယ်ခင်ဗျ .. အဲ့ဒီအချိန်ထိ မသောက်ရသေးဘူးနော် .. အမြည်း မြည်းတုန်းပဲရှိသေးတာ ..

လက်သံက ပြောင်ပါတယ် .. ပဲကြမ်းကြော်ကို ဆီနဲ့မသုပ်ဘဲ ဆပ်ပြာဆီနဲ့ သုပ်လိုက်တာ ..
ဆီပုလင်းနဲ့ ဆပ်ပြာဆီပုလင်းနဲ့ မှားပြီး ထည့်လိုက်တာကိုးး ခင်ဗျ ..
ဟုတ် .. စားတဲ့သူကလည်း တစ်မျိုးကြီးပဲလို့ပြောပြီး မျိုချတဲ့အထိ ဘာမှန်းသိလိုက်ပုံမရဘူး .. ဗိုက်ထဲရောက်သွားကာမှ အန်တာ ..
မိုရေနာ က ပြောပါတယ် .. ဆီပုလင်းကြီးကိုင်ပြီး .. ဟာကွာ .. မိုးမိုးကလည်း .. ဆီပုလင်းထဲ ဆပ်ပြာဆီထည့်ထားရတယ်လို့ .. တဲ့ ..
(စားတဲ့ဆီနဲ့ ပန်းကန်ဆေးတဲ့ဆပ်ပြာဆီ မခွဲတတ်တာကျတော့ ထည့်မပြောပါဘူး)

ကဲ .. မိုရေနာ ..

အဲ့နေ့က မ cheers လိုက်ရဘူးထင်တယ်နော် ..

ဒါကြောင့် ဒီနေ့ မင်းမွေးနေ့မှာ ငါ cheers လုပ်ပေးလိုက်ပါတယ် ..

h A p P y  B i R t H d A y .. နော် ..

ကဆုန်
13 June 2010

happybday

Bookmark and Share

မင်းအတွက်ဆို~ ~

မင်းအတွက်ဆို~ ~

Morena
စူးနစ်နာကျင် စိတ်မရွှင်တောင်
ပြုံးပြနိုင်စွမ်း ရှိပါသည်။

လူးလွန့်မသာ ရုန်းမနိုင်တောင်
ဖေးကူနိုင်စွမ်း ရှိပါသည်။

စိမ်းကားရက်စက် ပြတ်သားသွားတောင်
နားလည်နိုင်စွမ်း ရှိပါသည်။

ချစ်သူကလို မင်းအတွက်ဆို
ချစ်သံယောဇဉ် ကြိုးမျှင်မျှင်ကို
ဖြတ်ပေးနိုင်စွမ်း ရှိပါသည်။

Morena
04 June 2010


Bookmark and Share

ချစ်နေသေးတယ်

There was a true story in the past so called once upon a time.
Two lovers involved in that true story.
They loved each other so deeply and madly.
One day…….
The Fate came out from no where and made two lovers fall apart due to some kind of Misunderstanding !
Two lovers were on different path.
One tried harder to convince the other that the fact of misunderstanding was not true !
But……..
Explanation was in vain !
Success was not granted !
Hope was a tiny little chance between!
Two were apart from each other with no ending story.
One cried out from the broken heart day by day, and night by night.
And Echo of Heart was born……
The Echo travelled to my Heart.
My Heart felt for the exact same way and gave birth new image of that Echo into sad, touched and sentimental Love Note !
I would lkie to share that True Story of Love Note to all my Fans,Bro and Sis~
Dexter Ng ~~

15 May 2010

1

Read more…

အမှတ်တရ ‘ မေ ‘

(၁)

ကိုယ့်မှာ ၈ ရက်ကြီး ၈ ရက်ငယ်တဲ့ သူငယ်ချင်း နှစ်ယောက်ရှိပါတယ် ..
ကိုယ်တို့အချင်းချင်းပြောကြပါ

တယ် .. ငါတို့က မီးဝင် မီးထွက် လေး
လွဲသွားကြတာပဲ လို့ ..
အဲ့ဒါက မူလတန်း အလယ်တန်း အထက်တန်း တောက်လျှောက်တွဲခဲ့တဲ့သူငယ်ချင်းတွေပါ ..

———————————- NTP ——– MKP
———————————————;

(၂)

ကျောင်းပြီးတော့ ကိုယ့်နဲ့တစ်ရက်ထဲမွေးပေမယ့် တစ်နှစ်တိတိငယ်တဲ့
သူငယ်ချင်းတစ်ယောက် ထပ်ရပါတယ် ..
`မစို့မပို့တော့ မလုပ်နဲ့နော် .. လုပ်မယ့်လုပ် နာမည်ကြီးအောင်လုပ်´
ဆိုပြီး ပြောတဲ့သူပါ ..
ပြောတဲ့အချိန်ကတော့ သူ အ၀တ်လဲနေတုန်း ကိုယ်က ကင်မရာနဲ့ ချိန်လို့ ဖြစ်ပါတယ် ..
အဲ့လို မေ ၁၅ တစ်ယောက်ရှိပါတယ် …

—————————————- WYTZ
—————————————————–;

(၃)

ကိုယ်က စကားပြောရင် လက်ညှိုးနဲ့ဆံပင်ကို သွားသွားလိမ်တတ်ပါတယ် ..
အဲ .. တစ်ခေါက်တော့ အလိမ်လွန်ပြီး ငြိသွားတာ လက်က ဘယ်လိုမှ ပြန်ထုတ်လို့
မရဘူးခင်ဗျ …
အတောမသတ်ရယ်ဖြစ်ခဲ့ပြီး ဆံပင်ထဲကနေ လက်ညှိုးကို ပြန်ဖြည်ထုတ်ပေးခဲ့တာက
ကိုယ့်ထက် ၁၀ရက်ကြီးတဲ့ ရုံးက သူငယ်ချင်းလေးပါ ..
(အဲ့ထဲက မှတ်သွားတာ .. နောက်ဆို ပြောစရာရှိ လက်ပိုက်ပြီးပဲပြောတော့တယ် .. )

—————————————– MYM
—————————————————–;

(၄)

ဥပမာ .. ဒီနေ့က ကိုယ့်မွေးနေ့ဆိုရင် မနက်ဖန်ဟာ ကိုယ့်ဖေဖေနဲ့မေမေရဲ့
မင်္ဂလာအထိမ်းအမှတ်နေ့ပါ ..
အဲ့ဒီတော့ ကိုယ်က သူငယ်ချင်းတွေကို စ ပါတယ် .. သိလား!
ငါ့မွေးပြီးနောက်ရက်ကျတော့ ငါ့အဖေနဲ့အမေက ယူတာကော လို့ ..
မေလထဲဝင်လာတဲ့အခါ သူငယ်ချင်းက ဒီလို ပြောတယ် ..
ငါသိတယ် .. မင်း မွေးနေ့ပြီးရင် မင်း Father Mother မင်္ဂလာဆောင်တဲ့နေ့ ..
ဟုတ်တယ်မလား .. ဟဲ .. ရက်သာ ဘယ်ရက်မှန်း မမှတ်မိတာ တဲ့ ..

—————————————- KKN
——————————————————;

(၅)

မေလဟာ သေဘေးက သီသီလေး ကပ်လွတ်ခဲ့တဲ့ လ လည်း ဖြစ်ပါတယ် ..

Junction 8 က ကိုယ်တို့အတွက် အသွားခလုတ်တိုက် အပြန်ခလုတ်လိုက်
ရောက်တတ်တဲ့ နေရာပါ ..
အာ .. Donut ကြိုက်ပါဝူးဟာ .. လက်ဖက်ရည်ဆိုင်ပဲ သွားကြရအောင်ပါဆိုပြီး J’
သွားဖို့ပြင်တဲ့သူငယ်ချင်းတွေကို ကိုယ်က G ပါတယ် ..
ဒါနဲ့ပဲ ၆ယောက်လုံး ကွေ့ဝိုက်ပြီး လက်ဘက်ရည်ဆိုင်ရောက်သွားကြတယ် ..
ကိုယ်တို့လက်ဘက်ရည်ဆိုင်ထိုင်တဲ့အချိန်မှာပဲ …

အဲ့ဒီ့နေ့က မေလ ၇ ရက်နေ့ပါ ..
သူငယ်ချင်းရဲ့မွေးနေ့ …
ပြီးတော့ ..
Junction 8 လည်း ဗုံးဖောက်ခံလိုက်ရတဲ့နေ့ပါ …

—————————————– 6 of my frds
—————————————–;

(၆)

မေလဟာ နာဂစ် ဖြစ်တဲ့လ ..
လေတွေထန် မိုးတွေကြီးတဲ့ကြားက လဲနေတဲ့အုန်းပင်ဆီမှာ အုန်းသီးသွားကောက်တဲ့အခါ ..
မောင်နှမသုံးယောက်လုံး မကြီးမငယ်နဲ့ အမေ တုတ်စာကျွေးတာခံခဲ့ရတဲ့လ ..
(အဟင့် .. ဒီကတော့ အုန်းရည်လေးသောက်ကြရအောင်ပါဆိုပြီး စေတနာနဲ့ ..)

————————————- www.breathingmorena.com
—————————–;

(၇)

ကိုယ့်ကို မွေးတဲ့မနက်က ကဆုန်မိုး ရွာတယ်လို့ ပြောတယ် .. အမေကတော့
မွေးခန်းထဲမှာ တော်တော်ကြာကြာနေလိုက်ရတယ် ..
ခုချိန်မှာတော့ အမေ့ကို ပြောတဲ့ စကားတစ်ခုရှိပါတယ် ..
မွေးတုန်းက သွေးတက်အောင်လုပ်ခဲ့မိပြီမို့ အဲ့ကစလို့နောက်နောင် အရမ်း
သွေးတက်အောင် မလုပ်ပါဝူးးးးးးးးးး လို့ ..း)

————————————— www.friendyay.multiply.com
————————–;


Life isn’t about waiting for the storm to pass; it’s about learning to
dance in the rain.
——–
cheers!

yours’
ကဆုန်
15 May 2010
——–